လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

လားရှိုး စက်တင်ဘာ ၂၁

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လားရှိုး)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သူနာပြုနှင့် သားဖွားသင်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး)မှ ကျောင်းအုပ်ကြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဟေမာစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ  စေ့စပ်ညှိနှိုင်းဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဆောင်ရွက်ကာ မောင်အောင်ဆန်းသူရိန်(ဒုတိယနှစ်)က “လူငယ်နှင့် မူးယစ်ဆေး”၊ မသွယ်သွယ်ဦး(ဒုတိယနှစ်) က “ ဆိုရှယ် မီဒီယာနှင့်ကောင်းကျိုး၊ဆိုးကျိုး ” ၊ မပိုးအိပြည့် (ပထမနှစ်)က “လူငယ်နှင့်ကျန်းမာရေး၊ မအိန္ဒြာခိုင်လင်း(ပထမနှစ်)က “လူငယ်နှင့်ယဉ်ကျေးမှု”၊ မကလျာဝင်း(ပထမနှစ်)က “လူငယ်နှင့်စာပေ”ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသူ/ကျောင်းသားများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းပြန်လည်ဆွေးနွေးသုံးသပ်ချက်ကို လားရှိုးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေ၊ ကောင်းညွန့်ဝေ( ရေစကြို )က ပြန်လည်ဆွေးနွေးသုံးသပ်ခဲ့ပြီး စကားဝိုင်းတွင် ပါဝင်ဆွေးနွေး ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)