ပေါင်မြို့နယ်၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ပေါင်     စက်တင်ဘာ       ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို အ.လ.က(ပုသိမ်ကွင်း)ကျောင်း၌  ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စန္ဒာသိန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက  ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုမခံရအောင် ဆောင်ရန်/ရှောင်ရန်များကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သတိပြုကြစေရေးကိုလည်းကောင်း၊ အရွယ်မရောက်သေးသည့်ကလေးငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ပေးရန်နှင့်ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူးဒေါ်ခင်မျိုးအေးက ဆီးမှန်၊ ဝမ်းမှန်၊ လေမှန်၊ သွေးမှန်စသည့် မှန်လေးမှန်အကြောင်းကို အသေးစိတ်ဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆေးကုသမှုပြုလုပ်ပေးခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား မေးခွန်းများမေးပြီးလက်ဆောင်ပစ္စည်းများပေးခြင်းအပြင် ကျောင်းသား၊ကျောင်းသူများဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့နှင့်ပတ်သတ်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)