နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် တွေ့ဆုံဆွေးနွေး

ဇေယျာသီရိ စက်တင်ဘာ ၂၁

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ အခြေအနေနှင့် လုပ်ငန်းများ အောင်မြင်စွာ လုပ်ဆောင်နိုင်ရေး သက်ဆိုင်သည့်ဌာနအလိုက် အလေးထားဆောင်ရွက်သွားရန် လိုအပ် ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြိုနယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြို့နယ်အတွင်းမိုးစပါး စိုက်ပျိုးသည့် အခြေအနေများအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်ကြည်မောင်က ရေဆင်းဆည်အတွင်း ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ မိုးစပါး စိုက်ပျိုးရေပေးဝေနေသည့် အခြေအနေများနှင့် နွေသီးနှံစိုက်ပျိုးရေပေးဝေမည့် အခြေအနေများအား လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြတ်စုခိုင်က မွေးမြူရေးလုပ်ငန်း များ လုပ်ဆောင်နေမှု အခြေအ‌နေများအားတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဇေယျာသီရိမြို့နယ်အတွင်း သီးနှံစိုက်ဧကတိုးတက်အောင် ဌာနဆိုင်ရာ အချင်းချင်း စည်းလုံးညီညွတ်ပြီး လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျွန်းရောင်းကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ဒေသခံတောင်သူများက စိုက်ပျိုးရေရရှိရေး၊ ကုန်ထုတ်လမ်းများ ပြုလုပ်ပေးနိုင်ရေး အခြေအနေများအားတင်ပြခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်ကျေးရွာရှိ ယူရီမွေးမြူရေးအစာ ထုတ်လုပ်ရောင်းချသည့် စက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်းမွေးမြူရေးအစာ ထုတ်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)