အမ်း စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အမ်းမူလတန်းကြိုကျောင်းမှ ကလေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မူလတန်းကြိုအရွယ် ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိပြီး ရင်သွေးငယ်များသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပြဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် အခွင့်အလမ်းများဖန်တီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးငယ်များ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် ပြိုင်ပွဲများပြုလုပ်ကျင်းပကာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ မူလတန်းကြို ကျောင်းသား/ကျောင်းသူလေးများက ကဗျာရွတ်၊ ပုံပြင်ပြော၊ သီချင်းဆိုပြိုင်ပွဲများတွင် တစ်ဦးချင်း၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်ကျောင်းသား/ကျောင်းသူများလေးများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်း၊ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းလွင်၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ခေတ္တဥက္ကဋ္ဌ ဒေါ်စောညိုသင်း၊ အမ်းမြို့မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိသန္တမောင်နှင့် တာဝန်ရှိသူများက ဆုများနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
စိုးမင်းထွန်း