ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံ

ကျောက်ဖြူ  စက်တင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)အား ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် ပညာရေးဌာနမှ ဆရာမများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံကြမည့် အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူများကို စာရင်းမှတ်တမ်းရေးသွင်းပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးကာ အဆိုပါကာကွယ်ဆေးအား အမှတ်(၂)အခြေခံပညာအထက်တန်းကျေုာင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အထက(ခွဲ)အလက(၂)မြို့မကျောင်း၊ အခြေခံပညာ မူလတန်း(လွန်) (ကညင်တော)ကျောင်း၊ အခြေခံပညာမူလတန်း(လွန်)(တောင်ရင်း)ကျောင်းနှင့် အခြေခံပညာမူလတန်း (လွန်)(စေတီတောင်)ကျောင်း စသည့် အခြေခံပညာကျောင်း (၆)ကျောင်းတို့ တွင် စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဖြူမြို့၌ အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)အား စက်တင်ဘာ (၂၀)ရက်နေ့မှ(၂၆)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကာ ယမန်နေ့က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသူ(၅၀)ဦးအား ထိုးနှံပေးထားပြီးဖြစ်သည်။ ထို့နောက် ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း