စဉ့်ကူးမြို့တွင် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

စဉ့်ကူး   စက်တင်ဘာ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိ ပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရပ်ကပ်စာစောင် ပြသရာတွင် အသက် (၁၈)နှစ်မပြည့်သေးဘဲလက်နက်ကိုင်အဖွဲ့အစည်း အုပ်စုတစ်ခုခု၏ စစ်သားအဖြစ် အသုံးချခံရသူ စုဆောင်းခံရသူကို ကလေးစစ်သားဟုခေါ်ဆိုကြောင်း၊ အသက် (၁၈)နှစ်မပြည့်ပါက တပ်မတော်မှ လက်မခံ ကြောင်း၊ ကမ္ဘာပေါ်တွင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှကလေးစစ်သား အသုံးမပြုကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးစစ်သား အသုံးပြုခြင်းသည် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း၊ ကလေးစစ်သားအသုံးမပြုရန် ကမ္ဘာ့ကုလသမဂ္ဂက တားမြစ်ထားသကဲ့သို့ နိုင်ငံတကာ ဥပဒေကလည်း တားမြစ်ထားကြောင်း၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ကစီရင်နိုင်သည့် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားကြောင်း အသက် (၁၈)နှစ် အောက် ကလေးများကို စစ်မှုထမ်းအဖြစ်မှ နှုတ်ထွက်ခွင့် ပြုထားပြီးဖြစ်ကြောင်း စသည့် အကြောင်းအရာများ ပါဝင်သော ရုပ်ပုံ၊ ပိုစတာ၊ ဆောင်းပါးများအား ပြသထားရာ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)