မိုးညှင်း စက်တင်ဘာ ၂၁
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော အာဠဝီကျေးရွာ လမ်းသွယ်(၉)တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၅၀)နှင့် ပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် သိန်း(၇၅၀) စုစုပေါင်းငွေကျပ် သိန်း(၉၀၀)ဖြင့် ဆောင်ရွက်ခဲ့သည့် လမ်းအရှည်ပေ (၁၂၀၀)၊ အကျယ် (၁၂)ပေနှင့် ထု(၆)လက်မရှိ ကွန်ကရစ်လမ်းကို ဇူလိုင်လပထမပတ်မှစတင်၍ အာဠဝီကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်းကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် စက်ယန္တယားနှင့် နည်းပညာများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပြီး ၎င်းလမ်းအား တက္ကသိုလ် လမ်းမကြီးမှတစ်ဆင့် အိုးအိမ်-မြို့ရှောင်-အဝေးပြေးကားကြီးကွင်းထိ ဆက်စပ်လျက်ရှိကြောင်း၊ ကျေးရွာနေ အိမ်ထောင်စု(၁၀၀)စု၊ လူဦးရေ(၄၈၅)ဦးတို့မှ လမ်းပန်းဆက်သွယ်ရေးပိုမို ကောင်းမွန်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ရွှေမိုးညှင်း