ပင်းတယ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ဘဝရှေ့ဆောင် ရက်တစ်ထောင်ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ကိုယ်ဝန်စဆောင်ချိန်ကနေ ကလေးအသက် (၂)နှစ်ပြည်တဲ့အထိ ရက်ပေါင်းတစ်ထောင်ရှိပြီး အဲဒီ ရက်ပေါင်းတစ်ထောင်အတွင်းမှာ ကလေးရဲ့ဦးနှောက်ဟာ အဖွံ့ဖြိုးဆုံးအချိန်ဖြစ်သောကြောင့် အလွန်အရေးကြီးတဲ့ကာလဖြစ်တဲ့ လူသားဘဝအစ ရက်တစ်ထောင်ကာလအတွင်းမှာ နိုင်ငံတော်အနေနဲ့ ထောက်ပံ့ပေးတဲ့ MCCT ထောက်ပံ့ငွေကိုရရှိပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများရဲ့အဟာရဖွံ့ဖြိုးမှု၊ ကျန်းမာရေးဆိုင်ရာအသိပညာများနှင့် အလေ့အကျင့်ကောင်းများရရှိပြီးတော့ ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်ပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ MCCT အစီအစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် MCCT အစီအစဉ်ရဲ့အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များရဲ့ မိခင်များအနေဖြင့် ရရှိတဲ့ ထောက်ပံ့ငွေများကို အကျိုးရှိစွာသုံးစွဲပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စနစ်တကျခံယူကာ အဟာရပြည့်ဝစွာရရှိ၍ နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်မားထူးချွန်ထက်မြက်သော သားကောင်း/ သမီးကောင်းရတနာများ ဖြစ်ကြပါစေ”ဟု၍ ပြောကြားခဲ့သည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၇၃၄)ဦးအား ကိုယ်ဝန်ဆောင်ကာလ(၁)လလျှင် (၁၅၀၀၀)ကျပ်နှုန်း၊ (၂)လလျှင် (၃၀၀၀၀)ကျပ်နှုန်း၊ (၃)လနှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များအား (၄၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၁၉၉၅၀၀၀)သုံးရာ့တစ်ဆယ့်ကိုးသိန်းကိုးသောင်းငါးထောင်ကျပ်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၁၂၅၀)ဦးအား စုစုပေါင်းငွေကျပ် (၅၃၉၄၀၀၀၀) ငါးရာ့သုံးဆယ့်ကိုးသိန်းလေးသောင်းကျပ်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ရွာငံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၆၉၅)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၁၂၃၀)ဦးအား စုစုပေါင်းငွေကျပ် (၈၃၃၁၀၀၀၀)ရှစ်ရာ့သုံးဆယ့်သုံးသိန်းတစ်သောင်းကျပ်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)