ညောင်ရွှေ အောက်တိုဘာ ၁၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ် များထည့်ရန် ကြိုတင်ဆန္ဒမဲပုံးများ လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝေမာအောင် က မြို့နယ်မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းနှင့် ပြည်ပ မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များ အခြေအနေကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကြိုတင်မဲပုံးများ၏ လုံခြုံရေးကြိုးကုဒ်နံပါတ်များကို ကြေညာမှတ်သားစေပြီး မြို့နယ်ကြိုတင်မဲပုံးများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ပြီး ကြိုတင် ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်မဲပုံးအတွင်းသို့ ထည့်သွင်းခဲ့ကြသည်။
ညောင်ရွှေမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းမဲဆန္ဒရှင် ၇၆ ဦးနှင့် ပြည်ပ မဲဆန္ဒရှင် ၁၁၁ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နေမျိုးသူရိန်