ကျောက်ဆည် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ ဗဟုသုတ ရရှိစေရန် ယနေ့နံနက် (၉)နာရီခွဲက ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးက မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သိကောင်းစရာများနှင့် ဆောင်ရန်၊ရှောင်ရန် အချက်များကိုလည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မျိုးခိုင်က ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုများ လက်တွေ့သရုပ်ပြ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား အခန်းအတွင်း စာသင်ကြားနေစဉ် ငလျင်လှုပ်ခတ်ကြောင်း အချက်ပြသံရရှိပါက ကျောင်းသား/ ကျောင်းသူများမှ အခန်းအတွင်းဝပ်၊ ကာ၊ ထိုင်နည်းလမ်းဖြင့်လည်းကောင်း၊ အသက်ကယ် တြိဂံနည်းလမ်းဖြင့်လည်းကောင်း တုံ့ပြန်ဆောင်ရွက်ခြင်း၊ ငလျင်လှုပ်ခတ်မှုပြီးစီးကြောင်း အချက်ပြသံ ရရှိပါက ကျောင်းသား/ ကျောင်းသူများ ဘေးလွတ်ရာနေရာသို့ စနစ်တကျရွေ့ပြောင်းခြင်း၊ ငလျင်လှုပ် ခတ်မှုကြောင့် အဆောက်အဦ အတွင်း ပိတ်မိနေသူများကို မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ခြင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ရှေးဦးပြုစုခြင်း၊ အရေးပေါ်ကုသမှုလိုအပ်သောလူနာများအား လူနာတင်ယာဉ်များ အသုံးပြု၍ ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်မှုကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
တင်တင်ထွေး