တာမိုးညဲ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ အတတ်ပညာပြည့်ဝပြီး နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာသာမက ပြင်ပဗဟုသုတများကိုလည်း ရှာမှီးကြရမည်ဖြစ်ကြောင်း၊ မိမိဘဝများ မြင့်မားတိုးတက်လာစေရန် စာပေများကိုလည်း ဖတ်ရှုကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ညာဏ်ပညာများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် သုတ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ရုပ်ပြများကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တာမိုးညဲ(ပြန်ဆက်)