ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံ

ပန်ဆိုင်း စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) Vaccineကို ထိုးနှံပေးခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို (၁-၉-၂၀၁၁)ရက်မှ (၃၁.၈.၂၀၁၄)ရက် အတွင်း‌မွေးဖွားသူ အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များကို ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမှီ သက်ဆိုင်ရာတာဝန်ရှိ အတန်းပိုင်ဆရာ/ဆရာမများက ကျောင်းသူ၏ ပြည့်ပြီးအသက်၊ နာမည်နှင့် အဘအမည်တို့ကို စာရင်းကောက်ယူပြီး ကျောင်းသူတစ်ဦးချင်းဆီကို ထိုးနှံ‌ပေးလျက်ရှိကာ ကာကွယ်ဆေးထိုးနှံပြီးစီးသော ကျောင်းသူများကို နာရီဝက်ခန့် ဆေးထိုးရာနေရာစုရပ်တွင် ခေတ္တအနားယူစောင့်ဆိုင်းစေပြီး ကာကွယ်ဆေးနှင့်မတည့်၍ဖြစ်တတ်သော ယားယံခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းမူးဝေခြင်းတို့ကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ဆရာမများက ကြည့်ရှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို  အ.ထ.ကကျောင်းမှ ကျောင်းသူ (၅၁)ဦး၊ အလခွဲကျောင်းမှ ကျောင်းသူ (၂၆)ဦး အ.မ.က-၂ကျောင်းမှ (၃၁)ဦး စုစုပေါင်းကျောင်းသူ (၁၀၈)ဦးအားထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ပန်ဆိုင်း (ပြန်/ဆက်)