နမ့်စန်(တ) စက်တင်ဘာ ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (လွယ်ယင်း)တွင် ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က-ခွဲ(လွယ်ယင်း)မှ ကျောင်းအုပ်ဆရာကြီးဦးဝင်းကြိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ရာ အ.ထ.က-ခွဲ(လွယ်ယင်း)မှ ခွန်သိန်းအောင် နှင့် နန်းမိုးမိုးဝင်းတို့က “လူငယ်နှင့် Facebook”၊ စိုင်းနွံခေးနှင့် နန်းနှင်းနှင်းဦးတို့က “လူငယ်နှင့် အားကစား”နှင့် ခွန်လော်မရန်နှင့် မပြည့်ဖူးခိုင်တို့က “လူငယ်နှင့်ယဉ်ကျေးမှု” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် အ.ထ.က-ခွဲ(လွယ်ယင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး နံရံကပ်စာစောင်များပြသ၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)