ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်တွင် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး

ဒဂုံမြောက် စက်တင်ဘာ ၂၁

ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင်(၁၃.၃)ဦးရှိပြီး ရောဂါကြောင့်သေဆုံးမှုမှာ(၆.၉)ဦးရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါမှ ကာကွယ်နိုင်ရန်  ယမန်နေ့နံနက် ၁၂ နာရီက အမှတ်(၃၅)ရပ်ကွက်၊ ဆရာခြုံလမ်းရှိ အမှတ်(၁၅)မူလတန်းကျောင်းတွင်  မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV )ထိုးနှံခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံရေးရာအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာတင်မူမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသူ(၂၅)ဦးကို သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။ ကာကွယ်ဆေးထိုးနှံပေးမှုများအား ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမိုးနှင့် ဆရာဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ထောက်ကူပြုအဖွဲ့များမှ ပူးပေါင်းကူညီဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ယခုထိုးနှံ‌ပေးသည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစား(၄)မျိုးကို ကာကွယ်နိုင်သည့်ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို (၉၅)ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး အခြားကြွက်နို့ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်မည်ဖြစ်‌ကြောင်းသိရသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမည့်သူ(၁၈၉၇)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ