ချမ်းမြသာစည် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟု သုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကိုယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ အောင်မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်များ အသိပညာ၊ အတတ်ပညာနှင့်လူ့ကျင့်ဝတ် တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာစေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ဦးစီးအရာရှိက Moderatorအဖြစ် ဦးဆောင် ဆွေးနွေးခဲ့ပြီး Grade–9 ကျောင်းသူ မစုရွှန်းလဲ့ကျော်က“လူငယ်နှင့်အားကစား “ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–9ကျောင်းသူ မခင်ကြာဖြူခင်က “လူငယ်နှင့်မူးယစ် ဆေးဝါး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade–8ကျောင်းသူ မစုမြတ်က ”လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–8ကျောင်းသူ မညိုလေးနွယ်က “လူငယ်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြ သည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများကလည်း ပြန်လည် ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စကားဝိုင်းအပြီးတွင် တက်ရောက်လာကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာ၊ ဗဟုသုတ ရရှိသော နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
ဩလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊အမှတ်(၃၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (ချမ်း/ စည်)