ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၁              

၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်း‌ဒေသကြီး (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်၊ အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ်ပညာရှင်များ၊ ခရိုင်(၁၄)ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ (၂၄)ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဦးစီးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို တိုင်းရင်းသားလူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်ညွှန်း၍ ၁၉၉၃ ခုနှစ်မှစတင်ကာကျင်းပခဲ့ရာ ယခုအခါ(၂၄)ကြိမ်မြောက်သို့ ရောက်ရှိလာပြီးဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုတို့ကို စည်ကားသိုက်မြိုက်ခမ်းနားစွာ ပြန်လည်ကျင်းပရန်နှင့် သက်ဆိုင်ရာဘာသာရပ်အလိုက်ကျွမ်းကျင်၍ အ‌တွေ့အကြုံရင့်ကျက်မှုအပြင် စည်းမျဉ်းစည်းကမ်းနှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်လျက် အဂတိတရားကင်းရှင်းသည့် အကဲဖြတ်ပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်များကို ဖော်ထုတ်မြင့်တင်ရေး၊ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆောင်ရွက်သွားကြရန် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပထမအကြိမ်ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နေပြည်တော်တွင် နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးအဖြစ် ခမ်းနားစွာကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအသီးသီးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများမပျောက်ပျက်၊ မတိမ်ကောစေရန် မျိုးဆက်သစ်လူငယ်များ ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုး၏ဂုဏ်ကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်၍ ပြိုင်ပွဲဝင်များ၊ အနုပညာရှင်များ၊ ဌာနဆိုင်ရာများ တက်ညီလက်ညီဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်၊ အဆိုအကဲဖြတ်ပညာရှင်ဒေါ်ခိုင်ဝါ၊ အကအကဲဖြတ် ပညာရှင် ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်ပညာရှင် ဦးမင်းဇော်နှင့် အတီးအကဲဖြတ်ပညာရှင် ဦးသက်ဝေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။  

ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဂုဏ်ပြုတေးဖြစ်သည့် “ရွှေရောင်လွှမ်းခြုံတိုင်းရန်ကုန်”တေးသီချင်းဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူလေးများကလည်းကောင်း၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းသူလေးများကမြူးကြွသည့် အမျိုးသမီးဧည့်ခံဆိုင်းဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသားများကလှပဝေဆာ အကပဒေသာမင်းသားယိမ်းဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စမ်းချောင်းမှ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသားတို့က ရှမ်းအိုးစည်နှင့်တိုးနယားအကဖြင့်လည်းကောင်း အသီးသီးကပြဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးတို့က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဝန်ကြီးများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များ စုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး အဆို၊ အက၊ အရေး၊ အတီး ပညာရှင်များနှင့်ပြိုင်ပွဲဝင်များကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

တိုင်းဒေသကြီးအဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ၌  မဟာဂီတ၊ ကာလပေါ်နှင့်ဇာတိမာန်ဘာသာရပ်တို့တွင် ၆၅ ဦး၊ အကပြိုင်ပွဲ၌ အက၊ ရုပ်သေးနှင့် ကွက်စိပ်ဘာသာရပ်တို့တွင် ၃၇ ဦး၊ အရေးပြိုင်ပွဲ၌ ၁၃ ဦး၊ အတီးပြိုင်ပွဲ၌ စောင်း၊ စန္ဒယား၊ ပတ္တလား၊ နှဲ၊ ပုလွေ၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊ အိုးစည်အဖွဲ့လိုက်နှင့် ဒိုးပတ်အဖွဲ့လိုက် ဘာသာရပ်တို့တွင် ၂၀၃ ဦးတို့ဖြင့် စုစုပေါင်း ၃၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ မှ ၂၂ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပသွားမည်ဖြစ်ရာ ယနေ့တွင် စတင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)