သံတွဲ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌စတုတ္ထမြောက် အများဆုံးဖြစ်ပြီး အသက်ဆုံးရှုံးမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို ကျောင်းအခြေပြုအဖြစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ဆရာဝန်ကြီးဒေါက်တာရဲဝင်းထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဆရာမများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကျောင်းအခြေပြု အဖြစ်စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူအခြေပြုထိုးနှံခြင်းကို အောက်တိုဘာ ၁၆ ရက်မှ ၂၇ ရက်နေ့ အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ကျောင်းအခြေပြုအဖြစ်ထိုးနှံရာတွင်စက်တင်ဘာ ၂၀ ရက်နေ့အထိ ကျောင်းပေါင်း ၁၈၁ ကျောင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သောကျောင်းသူစုစုပေါင်း ၂၀၇၀ ဦးကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပြီးစီးခဲ့ကြောင်း သံတွဲခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)