မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၂၁                                                             

မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်နှင့်အညီ ဆောင်ရွက်မှုအား အခြေခံကျသည့် အောက်ခြေရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့အစည်းများ သိရှိလိုက်နာ‌ဆောင်ရွက်‌ရေးသည်အရေးကြီးကြောင်း၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးစသည့်အခန်းကဏ္ဍများတွင် ပူးပေါင်းပါဝင်‌ဆောင်ရွက်ကြ‌စေလိုကြောင်း၊ ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရေး၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟမှုမရှိ‌စေရေး ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ်ပြီး နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများပိုမိုတိုးတက်ရေး၊ ပြည်သူများစားရေရိက္ခာဖူလုံရေး အလေးထားဆောင်ရွက်ရန်၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့်စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများဖြစ်ထွန်းအောင်မြင်ရေး အလေးထားဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းအပြင် ပြည်သူကိုဗဟိုပြုသော လုံခြုံရေးစနစ်ကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများ သိရှိနားလည်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ရန်၊ ပြည်သူများအေးချမ်းသာယာစွာနေထိုင်နိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လုံခြုံရေးအစီအမံများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် ဒေသတွင်းလူမှုစီးပွားဘဝမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြို့ရွာသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အိမ်ထောင်စု၊လူဦးရေစာရင်းများ၊ စိုက်ပျိုးဧကစာရင်းများ မှန်ကန်မှုရှိ‌စေရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်း ပြီးစီးမှုအခြေအနေများဆွေးနွေးတင်ပြပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်အခြားလိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)