တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်

တာလေ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့အဝင် တိုးဂိတ်နေရာတွင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာကြသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါစီးနှင်းကြသည့် ခရီးသွားပြည်သူများ အား ခရီးသွားထောက်ခံချက်နှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်းနှင့် မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း နှင့် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကျန်းမာရေးစစ်ဆေးပြီးမှသာ ကားများကို တာလေမြို့အတွင်း ဆက်လက်ဝင်ရောက် ဖြတ်သန်းခွင့်ပြုလျှက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မော်တော် ယာဉ်များအပြင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာကြသူများကိုလည်း အလားတူ စစ်ဆေးခြင်းများ ပြုလုပ်ပြီးမှသာ မြို့တွင်းသို့ဝင်ရောက် ဖြတ်သန်းခွင့်ပြုကြောင်းနှင့် ခရီးသွားများအပြင် ဒေသနေပြည်သူများအားလုံး နေအိမ်မှပြင်ပသို့ သွားလာမည်ဆိုပါက Mask စနစ်တကျ တပ်ဆင်သွားလာကြရေး အသိပေးနှိုးဆော်ခြင်းများကို တင်းကြပ်စွာဆောင်ရွက်လျက် ရှိသည်။

အဆိုပါလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းကို တာလေမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို၏ ဦးဆောင်စီမံမှုဖြင့် ရောဂါကြိုတင် ကာကွယ်ရေးနှင့် စစ်ဆေးရေးအတွက် မြို့အဆင့်ဖွဲ့စည်း တာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                           

အောင်ကျော်မိုး (ပြန်/ဆက်)