ကျောက်ဆည် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက်အခဲမရှိစေရေး စားအုန်းဆီများအား နယ်လှည့်ဈေးကားဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည်ရောင်းချခြင်း၊ ဆီအရောင်းဆိုင်များတွင် အထိုင်ရောင်းချခြင်းများကို နေ့စဉ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့ ဒေါ်လာဆီအရောင်းဆိုင်နှင့် အိုးထိန်းတောင် ကျေးရွာများတွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီရောင်းချခြင်းများကို စဉ့်ကိုင်မြို့ ရန်ကုန်-မန္တလေးကားလမ်း၊ အုန်းပင်ခြံလမ်းခွဲ၊ အုန်းပင်ခြံကျေးရွာ ဦးကျော်သိန်း ဒေါ်လာဆီအရောင်းဆိုင်တွင် အထိုင်ရောင်းစနစ်ဖြင့် စားအုန်းဆီတစ်ပိဿာ ငွေကျပ် (၅၀၆၄) ကျပ်ဖြင့် အိမ်ထောင်စု(၁၁၀၀) အတွက် စားအုန်းဆီ (၁၁၀၀) ပိဿာကို လည်းကောင်း၊ စဉ့်ကိုင်မြို့နယ် အိုးထိန်းတောင်ကျေးရွာတွင် ဦးကျော်ဆွေဝင်း ငွေပင်လယ် ဆီအရောင်းဆိုင်မှ နယ်လှည့်ရောင်းစနစ် ဈေးကားဖြင့် စားအုန်းဆီတစ်ပိဿာ ငွေကျပ် (၄၉၉၉) ကျပ်ဖြင့် အိမ်ထောင်စု (၅၅၀) အတွက် စားအုန်းဆီ (၅၅၀) ပိဿာတို့အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)