ပန်းဘဲတန်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံ

ပန်းဘဲတန်း စက်တင်ဘာ ၂၁

ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး  အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ရန် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီက  သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသူများအား ဆေးထိုးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်ထက်မကျော်သော ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသူစုစုပေါင်း (၈၆) ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟိန်းကိုကိုစိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာလွင်နှင့်ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ အခြေခံပညာကျောင်းများမှ အသက်ပြည့်မီသူ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်ဦးဆန်းကြည်