စဉ့်ကိုင်မြို့နယ်တွင် ဆီထွက်သီးနှံတိုးတက်စေရေး၊ စားသုံးဆီဖူလုံရေးနေကြာသီးနှံ (ဆင်းရွှေကြာ-၂) မျိုးကောင်းမျိုးသန့်များမျိုးမြှင့်တင်ရွေးချယ်       

စဉ့်ကိုင်  စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၌ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရန် အထွက်နှုန်းကောင်းပြီး အရည်အသွေးကောင်းသည့် ဒေသနှင့် ကိုက်ညီသည့် နေကြာမျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် နေကြာသီးနှံ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနေကြာ(၂၈၅၇)ဧက၊ဆောင်းနေကြာ(၁၂၁၃၅)ဧက၊ စုစုပေါင်း(၁၄၉၉၂)ဧက လျာထားစိုက်ပျိုးထားရှိပြီး   ယခုလတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဝန်းသိုကျေးရွာအုပ်စုမှ မိုးနေကြာစိုက်တောင်သူများ ပူးပေါင်း၍အဆိုပါကျေူးရွာ ရှိကွင်းအမှတ်၈၆(က) ဦးပိုင် (၅၃) တောင်သူဦးသိန်းထိုက်ကွင်းတွင် မိုးနေကြာ(၅)ဧက စိုက်ခင်း၌ မျိုးကောင်းမျိုးသန့်သန့်များ လုံလောက်စွာရရှိရန်အတွက် မျိုးမြှင့်တင်ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မျိုးမြှင့်တင်ရွေးချယ်ရာတွင်  ယခုနှစ် ဇွန်လဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့သော  မိုးနေကြာများကို ရက် ၉၀ ပြည့်ပြီး အပွင့်ရင့်/စေ့အောင်မြင်သောမိုးနေကြာ(ဆင်းရွှေကြာ-၂)မျိုးများအား စိုက်ခင်းများ ရိတ်သိမ်းချိန်အတွင်း စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာဖြင့် တောင်သူများ ပူးပေါင်း၍   မျိုးကောင်းမျိုးစေ့များရွေးချယ်ခြင်းကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမျိုးမြှင့်တင်ရွေးချယ်ခဲ့သော မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုးကောင်း မျိုးသန့်မှာ  နေကြာတစ်တင်းလျှင် ဆီသုံးပိသာ ခန့်ထွက်ရှိနိုင်ပြီး  ယင်းမျိုးသန့်များကို  ယခုနှစ်ဆောင်းရာသီတွင် တောင်သူများ စိုက်ပျိုးနိုင်ရန်နှင့်ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနေကြာ (၂၈၆၀)ဧက၊ ဆောင်းနေကြာ(၁၂၁၃၈)ဧက၊ စုစုပေါင်း(၁၄၉၉၈)စိုက်ပျိုးရန် လျာထားဆောင်ရွက်ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဦးသန်းဇော်ထံက သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)