တာမွေ စက်တင်ဘာ ၂၁
ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူ/ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့်လူငယ်များ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အခြေခံပညာအဆင့်ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (သုဝဏ္ဏ) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကျပန်းစကားပြော ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍လည်းကောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ထူးချွန်ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/သူလေးများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် စာရေးဆရာအသင်းဝင်များက ဂုဏ်ပြုလက်ဆောင်များ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းအပေါ် သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (သုဝဏ္ဏ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် အဆိုပါကျပန်းစကားပြောပြိုင်ပွဲ၌ ကျောင်းသား/သူ၊ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)