မချမ်းဘော စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများသည် မိမိတို့ဒေသ တောတောင်ယာများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ကြိမ်ပင်များမှ ရဝမ်ဘာသာစကားဖြင့် ကတန်ရှဲ (ခေါ်)ကြိမ်ဖူးများ ခုတ်ယူရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ကတန်ရှဲ(ခေါ်)ကြိမ်ဖူးများကို ရောင်းချရာတွင် အရှည်တစ်တောင်ခန့်ရှိသော ကြိမ်ဖူး(၁၀)ချောင်းပါ တစ်စည်းလျှင် တစ်ထောင်ကျပ်ဖြင့် ရောင်းချ ပြီး ၄င်းကြိမ်ဖူးများကို မချမ်းဘောမြို့ နံနက်စျေးနှင့် ပူတာအိုမြို့ နံနက်စျေးများတွင်လည်းကောင်း၊ မချမ်းဘောမြို့နှင့် ပူတာအိုမြို့ရှိ ရိုးရာအစား အသောက်ရောင်းသော ဆိုင်များက ဝယ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိမ်ဖူးသည် ခါးသက်သက် အရသာရှိပြီး ဆန်လှော်ဟင်းရည်ချက်၍ သော်လည်းကောင်း၊ မီးဖုတ်၍ ငရုတ်သီးထောင်းစားခြင်းသော် လည်းကောင်း၊ ပြုတ်၍အသားများဖြင့် ကြော်ချက်၍ လည်းကောင်း စားသုံးရသော သဘာဝဒေသထွက် (Organic) အစားအစာဖြစ်သောကြောင့် ရိုးရာအစားအစာချက်ပြုတ် ရောင်းချသောဆိုင်များတွင် လူကြိုက်များသော ဒေသအစားအစာဖြစ်ကြောင်း သိရပြီး ယခုလိုမိုးရာသီ ကာလတွင် လှိုင်လှိုင်ပေါကာ ဒေသခံပြည်သူများ ခုတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)