မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

​​မှော်ဘီ စက်တင်ဘာလ ၂၁

ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး၊ လမ်းပန်းဆက်သွယ်ရေးပိုမို ကောင်းမွန်လာစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကြောင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ (၁၉) ရက်နေ့က သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများသည် မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ခရိုင်/ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရုံးတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများကို လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထိန်စွန်းကျေးရွာတွင် ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း၊ စီမံကိန်းအတိုးရငွေဖြင့် တတိယအကြိမ်မြောက် ငွေကျပ် (၁၅.၅၉) သန်းဖြင့် ဆောင်ရွက်သည့် အရှည် (၆၃၀) ပေ၊ အကျယ် (၁၀) ပေ၊ (၆) လက်မထုကျေးရွာတွင်း အမှတ် (၄) လမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။

ထိန်စွန်းကျေးရွာအနေဖြင့်လည်း ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်မှစတင်၍ မတည်ရန်ပုံငွေကျပ်သန်း (၃၀) ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်ထိ လည်ပတ်ရန်ပုံငွေ (၇၇.၇၇၀၅၀၀) သန်းရရှိခဲ့ပြီး စီမံကိန်းအတိုးရငွေကျပ် (၃၁.၀၉) သန်းဖြင့်လည်း ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းကို (၃) ကြိမ်ထိ ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)