ရန်ကုန် အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁၃)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre တွင်ထားရှိသော စောင့်ကြည့်လူနာများမှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူများကို မွန်းလွဲ (၁)နာရီအချိန်က အိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း Quarantine Centre တွင် စောင့်ကြည့် လူနာများထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသူ(Negative) အဖြေထွက်ရှိသော စောင့်ကြည့်လူနာ(၉၁)ဦးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ အိမ်ပြန်ခွင့် ပြုခဲ့ပြီ ဖြစ်သည်။
ထိုသို့အိမ်ပြန်ခွင့်ရရှိသော စောင့်ကြည့်လူနာများသည် မိမိတို့နေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည် ဖြစ်ကြောင်းသိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)