ဘီးလင်း စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့၊ အ.ထ.က (ရွှေလှေ) ကျောင်း၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွဋ်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ထူးချွန်လူငယ်များ ပေါ်ထွန်းလာစေရေးကို ဆွေးနွေးပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်သန်းသန်းရွှေက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေနှင့်အတူ အ.ထ.က (ရွှေလှေ) ကျောင်းမှ Grade -10 ၊Grade -11 နှင့် Grade -12 တို့မှ ကျောင်းသားနှစ်ဦးနှင့် ကျောင်းသူနှစ်ဦးတို့က “လူငယ်နှင့်ပညာရေး” “လူငယ်နှင့်အနာဂတ်စီမံကိန်း”၊ “လူငယ်နှင့်အထက်တန်းစားစိတ်ဓါတ်”၊ “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားလေ့လာထားသည်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အ.ထ.က (ရွှေလှေ) ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)