မော်လမြိုင် စက်တင်ဘာ ၂၁
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက် ရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံအထက်တန်းကျောင်း ပွင့်ဦးမာလာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်ဝေက အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက Moderator အဖြစ်ဆောင်ရွက်ပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်သည့် မောင်ဖြိုးမောင် “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မယွန်းယုယချောက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နေခန့်ဇော်က “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကေခိုင်ဦးက “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးမြမိုးက“လူငယ်နှင့်ဝတ်စားဆင်ယင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့်ကျောင်းသား/ သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)