ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးအတွက် လတ်လောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)နှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ စာရင်းတွေ့ရှိချက်များနှင့် အာဆီယံအရေးပေါ်တုန့်ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN- ERAT)အဖွဲ့တို့၏ အစီရင်ခံစာပါ တွေ့ရှိချက်များကိုနှိုင်းယှဉ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့သည့်အပေါ်တွင် နိုင်ငံတော်အကြီးအကဲ၏မှတ်ချက်ပြု ညွှန်ကြားချက်များနှင့်အညီ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လတ်တလောကာလ၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများရေးဆွဲရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရာတွင်  မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်မှု (အမှန်) သာလိုအပ်မည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးတွင် လတ်တလောကာလ၊ ကာလတို၊ ကာလရှည်ခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လတ်တလောကာလမှာ ပြီးစီးပြီဖြစ်၍ ကာလတို၊ ကာလရှည်တွင် ရာသီသီးနှံအခြေခံသည့်စားသောက်ရေး၊ ကာလတိုအတွင်း ဟင်းဖြစ်လွယ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ငါးဖမ်းခြင်း၊ ချက်ချင်းအကျိုးရှိနိုင်သည့် သက်တမ်းအသင့်အတင့်ရှိသည့် (ဥစားကြက်၊ ဝက်၊ ဆိတ်၊ broiler ကြက်၊ အသားထုတ်လုပ်မှုလုပ်ငန်း၊ နှစ်လ၊ သုံးလခန့် သက်တမ်း ရှိသည့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတို့ကိုလည်း စီမံကိန်းတွင် ထည့်သွင်းရေးဆွဲသွားရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ၊ ရုံး၊ ဌာနများပြုပြင်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း စီမံတွင်ရေးဆွဲသွားရမည်ဖြစ်ကြောင်း၊ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် လတ်တလော ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲဆောင်ရွက်ရန် ပြည်နယ်အဆင့်ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် ကော်မတီအနေဖြင့် မိမိတို့၏ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြပေးကြရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ပြည်နယ်အတွက် အပြုသဘောဆောင်ပြီး ကောင်းမွန်သည့် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းနှင့် ပြန်လည်ထူထောင်ရေးများနှင့် စပ်လျဉ်း၍ လတ်တလောဆောင်ရွက်ရမည့် ကိစ္စရပ်များမှာ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည့်အတွက် မိမိတို့ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကို စနစ်တကျထည့်သွင်းတင်ပြရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့် ကာလတို၊ ကာလရှည်စီမံကိန်းများကို စနစ်တကျရေးဆွဲပြီး မူလအခြေအနေထက် သာလွန်ကောင်းမွန်သော အနေအထားရောက်အောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ် ကာလတို၊ ကာလရှည်စီမံကိန်းများရေးဆွဲပြုစုရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ရှင်းလင်းဆွေးနွေးပြောကြားပြီး ကော်မတီဝင်များက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လတ်လောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)