အမ်း စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Ra EC ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း၊ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အနာဂတ်တိုင်းပြည်တာဝန်များကို ပခုံးပြောင်းထမ်းရွက်ကြမည့် ကျောင်းသား/ကျောင်းသူ လူငယ်များ၊ မိမိဒေသမှာ ခေါင်းဆောင်တာဝန်ယူကြမည့်လူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ဦးဆောင်ဝိုင်းဖွဲ့ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်များ ရင့်သန်လာစေပြီး အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် စကားပြောဆိုခွင့်ကြုံ ကြိုက်တဲ့အခါပြောရဲဆိုရဲသည့် သတ္တိရှိလာစေပြီး ပြောတတ်ဆိုတတ်စေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်း လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ Ra EC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်ထွန်းက ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ပါဝင်ဆောင်ရွက်ကာ Grade -12 မှ မောင်သက်နိုင်ဦးက လူငယ်နှင့်စာပေ၊ Grade-12 ကျောင်းသူ မခင်မေအောင်က လူငယ်နှင့်စာရိတ္တ Grade-12 ကျောင်းသူမိုင်အေးနီလာက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-12 ကျောင်းသားမောင်ထွန်းနိုင်စိုးက လူငယ်နှင့်နည်းပညာ၊ Grade-12 ကျောင်းသားမောင်ဟိန်းထက်အောင်က လူငယ်အားကစားနှင့်ကျန်းမာရေး၊ Grade-12 ကျောင်းသားမောင်ထက်ပိုင်စိုးက က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade -12 ကျောင်းသားမောင်ဟိန်းထက်အောင်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းကြရာ ကျောင်အုပ်ဆရာကြီး ဦးဉာဏ်ထွန်းနှင့် မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းမှ ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသားကျောင်းသူများအနေဖြင့် လူငယ်ဘဝမှပင် ဗလငါးတန်နှင့်ပြည့်စုံသည် လူငယ်များဖြစ်လာစေရန် ကြိုးစားသင်ယူကြစေလိုကြောင်း လူငယ်စကားဝိုင်းမှရရှိသော အသိပညာဗဟုသုတများကို လေ့လားမှတ်သားကြပြီးလိုက် နာကျင့်သုံးကြစေလိုကြောင်း အချိန်ကိုအကျိုးရှိရှိ အသုံးချကြရန်နှင့် လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ကျောင်းသားကျောင်းသူများအား လူငယ်တွေအောင်မြင်ရေးနည်းလမ်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏လူမှုရေးဦးတည်ချက် တတိယအချက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့် အချက်ချမှတ်ထားပါကြောင်း ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ပညာတတ်မြောက်မှုက အလွန်ပင်အရေးကြီးပါကြောင်း အထူးသဖြင့် မိမိတို့နိုင်ငံရဲ့လူဦးရေ သုံးပုံတစ်ပုံက လူငယ်တွေဖြစ်ကြပြီး လူငယ်တွေ ပညာတတ်မြောက်မှုမြင့်မားမှသာ တိုင်းပြည်၏အနာဂတ်ကဖွံ့ဖြိုးသာယာမှာဖြစ်ကြောင်းနှင့် ၂၁ ရာစုလူငယ်မျိုးဆက်သစ်နှင့် နည်းပညာအကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသထားမှုများတို့အား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)