ညောင်ဦး စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ချောင်းအတွင်း တစ်နိုင်တစ်ပိုင်ရွှေကျင်ယူသည့်လုပ်ငန်း လုပ်ကိုင်ကြသည့် ဆည်ပေါက်အုပ်စု၊ ညောင်ကန်ကျေးရွာ ရွှေကျင်လုပ်ကိုင်သူများ တစ်ဘက်တစ်လမ်းမှ မိသားစုစားဝတ်နေရေး ဝင်ငွေရရှိနေကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်အုပ်စု ညောင်ကန်ကျေးရွာတွင် ရွှေကျင်လုပ်ငန်းအား အများစုလုပ်ကိုင်ခဲ့သော်လည်း ယခုအခါ ရွှေကျင်လုပ်ငန်းလုပ်ကိုင်သူနည်း ပါးလာပြီး ယခုနှစ်တွင် တစ်ဦးစနှစ်ဦးစ ရွှေကျင်လုပ်ငန်း ပြန်လည်လုပ်ကိုင်လာကြကြောင်း ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေသည့် ဦးမောင်စိုးထံကသိရသည်။ ရွှေကျင်လုပ်ငန်းကို ဆည်ပေါက်ချောင်းအတွင်း သဲမြေကြမ်းသည့် မြေနေရာများရွေးချယ်ကာ ဂုန်နီအိတ်ခင်းထားသည့် တစ်ဘက်စောင်းရေတစ်လျောက်ပေါ် ရွေးချယ်ထားသည့် သဲများတင်ကာ ရေအထပ်ထပ်အခါခါလောင်းချပြီး နောက်ဆုံးကျန်သည့် သဲနုကိုထုတ်နုတ်ယူထားရကြောင်း၊ တစ်နေကုန် သဲစုသူကစု၊ ရေသွားထမ်းသူကထမ်း၊ သဲနုရောက်ချိန် ဇလားထဲထည့်ကာ ကျင်သူကကျင်ဖြင့် လုပ်ကိုင်ရကြောင်း၊ နောက်ဆုံးဂုန်နီအိမ်ကပ်ညှိကျန်ခဲ့သည့် သဲနုမြေတွင် ရွှေအနည်းငယ် ကပ်ကျန်နေသည်ဟုထင်ရသည့် သဲများထပ်ပြီးကျင်ယူကာ အိတ်ထဲထည့်၍ အိမ်ရောက်လျှင် ပြဒါးဖြင့်ဖမ်းယူ၍ ရွှေရယူကြကြောင်း လူခြောက်ဦးလုပ်အားဖြင့် တစ်ရက် နှစ်ရွေးခွဲမှ သုံးရွေးခွဲခန့်ရသည့်နေ့များလည်းရှိကြောင်း၊ ရရှိလာသည့်ရွှေကို ရွှေဆိုင်များသို့ ပြန်ရောင်းချချိန် တစ်ရွေးသား ၂၄၀၀၀ ကျပ်ခန့်ရရှိကြောင်း၊ လူတစ်ဦး တစ်ရက်ပျှမ်းမျှ ၉၅၀၀ ကျပ်မှ တစ်သောင်းခွဲကျပ်ထိရရှိခြင်းကြောင့် မိသားစုအိုးမကွာ အိမ်မကွာဖြင့် တစ်ဖက်တစ်လမ်း ရွှေကျင်လုပ်ငန်းမှ စားဝတ်နေရေး အဆင်ပြေနေကြကြောင်း သိရသည်။
ဒီပါလင်း