စစ်တွေ စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့နေ့လယ် ၂ နာရီ၌ အ.မ.က ဓညဝတီ(က)ကျောင်းမှ ကျောင်းသား/သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက ကျောင်းသား/ သူများအား စာအုပ်၊ စာပေဖတ်ရှုရခြင်း အကျိုးတရားအား ရှင်းလင်းပြောကြားပြီး မိမိတို့ကြိုက်နှစ်သက်မည့် စာအုပ်စာစောင်များအား ဖတ်ရှု လေ့လာနိုင်ကြောင်းနှင့် နောင်ကိုလည်း ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါလေ့လာရေး ခရီးစဥ်အားကျောင်းအုပ်ကြီး ဦးဦးစိုးနိုင်အပါအဝင် အုပ်ထိန်းသူ ၉ ဦး၊ ကျောင်သား ၂၉ ဦး၊ ကျောင်းသူ ၂၅ ဦး စုစုပေါင်းကျောင်းသား/သူ ၅၄ ဦးတို့က ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ပြီး နေ့လယ် ၃ နာရီအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
စစ်တွေခရိုင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ်စကားဝိုင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များကိုရိုက်ကူးပြီး စစ်တွေခရိုင် facebook page တွင် တင်ဆက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဆောင်းဝတီ