ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတစ်ဆင့် အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေးရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ် (၁၅) အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် အခြားဗဟုသုတများ တိုးပွားရရှိစေရေးအတွက် ငယ်စဉ်ကတည်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူထားရှိရေး၊ စာပေဖတ်ရှုမှတ်သားမှု နည်းစနစ်အကြောင်း၊ စာပေဖတ်ရှုမှတ်သားခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များတွင် မိမိတို့ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းသို့လာရောက်၍ ကလေးကြိုက် ပညာပေးရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ် ရွှေသွေး၊ တေဇ အစရှိသည့် စာအုပ်စာစောင်များကိုလည်း အခမဲ့ဖတ်ရှု၍ရပါကြောင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲစသည့် ပြိုင်ပွဲများအတွက် အချက်အလက်များ လေ့လာဖတ်ရှု ရှာဖွေစုဆောင်းလိုပါကလည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လာရောက်ရှာဖွေရန် ဖိတ်ခေါ်ပါကြောင်း အသိပေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လျှပ်စစ်အန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် ပညာပေးရုပ်ပြ စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှု ခဲ့ကြကြောင်း သိရသည်။
ဝေယံ (IPRD)