မိုင်းနောင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မိုင်းနောင် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံတွင်  သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီ အချိန်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းနောင်မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းသူနာပြု ဆရာမဒေါ်နန်းဆိုင်ဟိန်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)ထိုးနှံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုက်နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမေထားက သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများ၊ ဦးစားပေးထိုးနှံရမည့် အသက်အပိုင်းအခြားနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး၊ ကျန်းမာရေးဌာနမှ ဆရာမများ၊ မိုင်းနောင်နယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် ဆရာမကြီးများ တက်ရောက်ကာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံမည့်အစီအစဥ်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)