သပိတ်ကျင်း စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား ကျောင်းအခြေပြု မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ကို စက်တင်ဘာ(၁၈)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီအချိန်က သပိတ်ကျင်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မိုးခိုင်နှင့် ကျန်းမာရေးဆရာမများက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို သပိတ်ကျင်းမြို့ အခြေခံပညာအထက်ကျောင်းမှ ကျောင်းသူ(၈၁)ဦးအား ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
သပိတ်ကျင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ် ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် အမျိုးသမီးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဆရာမများက အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)