ဗဟန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ဗဟန်း စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဗဟန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေနန်ယန်ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးက ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားရာတွင် လူငယ်များအနေနဲ့ တင်္ခနုပ္ပတ္တိဥာဏ်များဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များမြင့်မားလာစေရန်၊ ဗဟုသုတတွေကိုစဥ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလ ငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ခဲ့ရာ အ-ထ-က(၂)ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က စာပေမြင့်မှလူမျိုးတင့်မည်၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ အစဉ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊  အားကစားဖြင့်နိုင်ငံဂုဏ်ရည်မြှင့်တင်စို့၊ ယနေ့လူငယ်နောင်ဝယ်လူကြီး စသည့်ခေါင်းစဉ်(၆)ခုကို မဲနှိုက်ပြီး ကိုယ်ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင်  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုး၊ လက်ထောက်မြို့နယ်ပညာရေးမှူး‌ဒေါ်ချိုချိုအုန်းနှင့် မြို့နယ်စာရေးဆရာအဖွဲ့ဝင် ကိုမောင်သန်းဝင်းတို့က ဆုရွေးခြယ်ရေးဒိုင်အဖြစ်ဆောင်ရွက်ခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသောကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်ကကျေးဇူးတင်စကားပြောကြားခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးခိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စာရေးဆရာအဖွဲ့ဝင်များနှင့်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မိုးမိုး