တာလေ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက် ၉ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်မကျော်သော ကျောင်းသူများအား လေးမျိုးစပ် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ) ဆေးထိုးစုရပ်၌ ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက သက်ဆိုင်ရာ ဆေးထိုးကတ်ပြားများတွင် စာရင်းရေးသွင်းခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ပြီး တာလေမြို့၊ ကျန်းမာရေးဉီးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နန်းဝိုးတစ်ဉီးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ကျောင်းများဖြစ်သော အခြေခံပညာအထက်တန်းကျောင်း (တာလေ)နှင့် အခြေခံပညာမူလတန်းကျောင်းများဖြစ်သော ကြာရှော၊ မက်တန်း၊ တာကြန့်နှင့် တပ်တွင်းကျောင်းများမှ စုစုပေါင်းကျောင်းသူ(၁၀၆)ဉီးအား လေးမျိုးစပ် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးပြီး နားနေခန်း၌ မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် သတ်မှတ်နေ့ရက်အလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးရာတွင် (၁.၉.၂၀၁၁)ခုနှစ်မှ (၃၁.၈.၂၀၁၄)ခုနှစ်အတွင်း မွေးဖွားသောအသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးများအားထိုးနှံပေးခြင်းဖြစ်ရာ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို စက်တင်ဘာ(၁၈)ရက်မှ စက်တင်ဘာ(၂၈)ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို အောက်တိုဘာ(၁၆)ရက်မှ အောက်တိုဘာ(၂၇)ရက်အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)