ဆီဆိုင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV)ကာကွယ်ဆေးကို စတင်ထည့်သွင်း ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေးဆွေးနွေး

ဆီဆိုင် အောက်တိုဘာ ၁၉

ဘေးကင်း၍ စိတ်ချရပြီး အိတ်ချ်ပီဗီ (HPV)ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေးကို စတင် ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲခန့် က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် က “သားအိမ်ခေါင်း ကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ် အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများ၌ ဒုတိယမြောက် အဖြစ်အများဆုံး ကင်ဆာ ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွက် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူ (၆၄၇၂)ဦးခန့်ရှိပြီး သေဆုံးသူ (၃၈၅၆)ဦးခန့် ရှိပါကြောင်း အမျိုးသမီးများတွင် ဖြစ်ပွားသော သားအိမ်ခေါင်း ကင်ဆာ၏ ဆိုးကျိုးအန္တရာယ် များကြောင့် အိတ်ချိပီဗီ ကာကွယ်ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာ ထိုးနှံခြင်းဖြင့် အစေားဆုံးကာကွယ်မှုရရှိနိုင်မည့် အခွင့်အလမ်းဖြစ်၍ မိမိပတ်ဝန်းကျင်ရှိ အသက်(၉)နှစ်မှ (၁၀)နှစ် အရွယ် မိန်းကလေးငယ်များအားလုံး ရရှိလာသော အခွင့်အရေးကို လက်လွှတ်မခံဘဲ အပြည့်အဝ ထိုးနှံကြစေဖို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါဟု အမှာစကားတွင် တိုက်တွန်းပြောကြားပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာသန်းထွဋ်ဦး က အိတ်ချ်ပီဗီ ကာကွယ်ဆေး စတင် ထည့်သွင်း ထိုးနှံခြင်းပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆီဆိုင်မြို့နယ်အတွင်းတွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးငယ် ၁၉၇၀ ဦးရှိပြီး အောက်တိုဘာ ၂၀ ရက် ညနေ ၃ နာရီခန့်တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာမှူး ထံမှ သိရသည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများအား အိတ်ပီဗီကာကွယ်ဆေးနှင့် ပတ်သက်သော လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)