ဒေသအဆင့်ရုံးဆိုင်းဘုတ်တင်ပွဲနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကွင်းဆင်းဆောင်ရွက်

လောက်ကိုင် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ဒေသအဆင့်ရုံး ဆိုင်းဘုတ်တင်အခမ်းအနားနှင့် နားလီဘိန်းအစားထိုးဖွံ့ဖြိုးရေးခြံတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်အနေဖြင့် လောက်ကိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်  ဒေသအဆင့်ရုံး ဆိုင်းဘုတ်တင်အခမ်းအနားကျင်းပရာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့က ဆိုင်းဘုတ်အား အမွှးနံ့သာများပက်ဖြန်းပြီး ဆိုင်းဘုတ်တင်ပွဲဆောင်ရွက်ခဲ့သည်။ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် နားလီဘိန်းအစားထိုးဖွံ့ဖြိုးရေးခြံတွင် မျိုးစေ့ပေးအပ်ပွဲကျင်းပရာ စိုက်ပျိုးရေးခွန်အားဒေသအင်အား သီချင်းဖြင့်အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဒေသအတွင်းစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ဗွီဒီယိုမှတ်တမ်းပြသခဲ့သည်။ ဆက်လက်ပြီး ကျေးရွာအုပ်စုအသီးသီးမှ တောင်သူများအား စပ်မျိုးနေကြာ၊ ပဲပုပ်၊ ပန်းနှမ်း၊ ဆီမုံ့ညင်း၊ ပိုက်ဆံလျှော်မျိုးစေ့များနှင့် တမာပိုးသတ်ဆေးများအားဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက တောင်သူများအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမိုးဇော်လတ်က တောင်သူ(၁၅)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နားလီဘိန်းအစားထိုးခြံအတွင်း ဆောင်ရွက်ထားသည့် မိုးသီးနှံစမ်းသပ်ကွက်များ ကွင်းသရုပ်ပြပွဲနေရာများဖြစ်သည့် အစေ့ထုတ်ပြောင်းသီးနှံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၊ DOA နှင့် DAR တို့ ပူးပေါင်းဆောင်ရွက်သည့် ယာစပါး()မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်၊ ကြံသီးနှံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် သဘာဝမြေဆွေးပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲနေရာများသို့ ကွင်းဆင်းကြည့်ရှုကာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းနိုင်ဝင်းနှင့် တာဝန်ခံများက  လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး သီးနှံများအား စိုက်ပျိုးရေးနည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးရန်၊ အထွက်နှုန်းတိုးတက်ရရှိရေး စနစ်တကျဆောင်ရွက်ရန်၊ စားနပ်ရိက္ခာနှင့် လယ်ယာထွက်ကုန်များအား မြှင့်တင်၍  ဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် မြေယာအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ မှန်ကန်စွာဆောင်ရွက်ရန် မှာကြားခဲ့ပြီး၊ စက်မှု၊ စိုက်ပျိုးရေး၊ ကုသရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကြို၊ ကျောင်းပို့အဆင်ပြေစေရေးအတွက် ဘက်ထရီကားနှစ်စီးအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)