ပျော်ဘွယ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

ပျော်ဘွယ် စက်တင်ဘာ ၂၀

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ကို မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါ်လဲ့လဲ့အောင်နှင့် ဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူလေးများကို ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ၏  ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက  နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ် ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပြီး HPV ရောဂါပိုးကြောင့်ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့ကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)