နောင်တရား အောက်တိုဘာ ၁၉
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ငရုတ်သီးခြောက်ထုတ်ကုန်အဖြစ် ငရုတ်သီးစီးပွားဖြစ် စိုက်ပျိုးသည့် ငရုတ်စိုက်တောင်သူများ ဈေးကောင်းရရှိရေးအတွက် မျှော်လင့်လျက်ရှိကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာမှ ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
“ယခင်နှစ်က အောင်ပန်းမှာ ငရုတ်သီးအခြောက် တစ်ပိဿာကို ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ် အထိ ဈေးရ တယ်၊ ဒီနှစ်တော့ ခုလိုရောဂါတွေ ဖြစ်နေတာဆိုတော့ အရင်နှစ်ကလို ဈေးရပါ့မလားမသိဘူး၊ ကုန်ခြောက်ဆိုလို့ ငရုတ်သီးနဲ့ အခြားသီးနှံ အနည်းကျဉ်းပဲ ရှိတာဆိုတော့ ငရုတ်သီးခြောက်ဈေးကောင်းဖို့ မျှော်နေရတာပေါ့” ဟု ဘန့်ပြင်ကျေးရွာမှ ငရုတ်စိုက်တောင်သူ တစ်ဦးက ပြောသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ မြင်းတွင်း ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုများတွင် ငရုတ်သီးများ စီးပွားဖြစ်စိုက်ပျိုးကြပြီး ငရုတ်သီးအခြောက်ခံ၍ အောင်ပန်း ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခု အချိန်တွင် ငရုတ်စိုက်တောင်သူများက ငရုတ်သီးစိမ်းများကို တစ်ပိဿာ ၄၀၀ ကျပ် မှ ၈၀၀ ကျပ်အထိ ရောင်းချနေရကြောင်း သိရသည်။ ငရုတ်သီး စိုက်ခင်းများတွင် ရွှေပဲသီးများကိုလည်း သီးညှပ်အဖြစ် ကြားညှပ်စိုက်ပျိုးကြသည့်အတွက် ငရုတ်စိုက် တောင်သူများ ဝင်ငွေနှစ်ခုရရှိပြီး အဆင်ပြေနေကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)