ပျော်ဘွယ် စက်တင်ဘာ ၂၀
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်းပြုလုပ်သည့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)ရေးသားသည့် “ရွှေရောင်ခေတ်၏ အနာဂတ်ရတနာလေးများ” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယခုစာအုပ်တွင် လူငယ်များအနေဖြင့် ရဲရင့်မှု၊ ဖြူစင်မှု၊ အောင်မြင်မှု၊ ဖြောင့်မတ်မှုတွေရှိလာစေဖို့၊ ငယ်စဉ်ကတည်းက လိမ္မာယဉ်ကျေးစွာ နေထိုင် ပြောဆိုတတ် စေဖို့၊ ပတ်ဝန်းကျင်တွင်လည်း မှန်ကန်စွာနေထိုင်တတ်စေဖို့ စသည့်အကြောင်းအရာများကို ရေးသားဖော်ပြထားကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)