ရေဦး စက်တင်ဘာ ၂၀
ကျောင်းသားကျောင်းသူများ မြန်မာစာရေးသားရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်ပြီး ယနေ့ နံနက် ၁၀ နာရီက ရေဦးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲစည်ကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကို စတင်ကျင်းပရာ စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် မြန်မာစာသတ်ပုံ အမှန် ရွေးချယ်ပြိုင်ပွဲတွင် အမှတ်အများဆုံး ရရှိသူ ၅ ဦးကို စိစစ်ရွေးချယ်ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု(၂) ဆုရရှိသူတို့ကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)