ကွတ်ခိုင်မြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်

ကွတ်ခိုင် စက်တင်ဘာ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ပညာသင်ကြားနေသည့် အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) Vaccineကို ထိုးနှံပေးခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို (၁-၉-၂၀၁၁)ရက်မှ (၃၁.၈.၂၀၁၄)ရက် အတွင်း‌မွေးဖွားသူ အသက်(၉)နှစ်မှ (၁၂)နှစ်အထိ မိန်းကလေးငယ်များကို ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမှီ သက်ဆိုင်ရာတာဝန်ရှိ အတန်းပိုင် ဆရာ/ဆရာများက ကျောင်းသူ၏ ပြည့်ပြီးအသက်၊ နာမည်နှင့် အဘ အမည်တို့ကို စာရင်းကောက်ယူပြီး ကျောင်းသူတစ်ဦးချင်းဆီကို ထိုးနှံ‌ပေးလျက်ရှိကာ ကာကွယ်ဆေးထိုးနှံပြီးစီးသော ကျောင်းသူများကို နာရီဝက်ခန့် ဆေးထိုးရာနေရာစုရပ်တွင် ခေတ္တအနားယူစောင့်ဆိုင်းစေပြီး ကာကွယ်ဆေးနှင့်မတည့်၍ ဖြစ်တတ်သော ယားယံခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းမူးဝေခြင်းတို့ကို သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ဆရာမများက ကြည့်ရှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်အရွယ်အလိုက် ကျောင်းတက်သူ မိန်းကလေးငယ်ကျောင်းသူများကို သက်ဆိုင်ရာကျောင်းများအလိုက် လိုက်လံထိုးနှံပေးမည်ဖြစ်ပြီး ကျောင်းပြင်ပ မိန်းကလေးငယ်များကို သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် သွားရောက်ထိုးနှံပေးမည်ဖြစ်ရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မြို့မ)ကျောင်း၌ ကျောင်းသူ (၄၂)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)