ရွှေပြည်သာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မား‌ရေးအသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရွှေပြည်သာ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး‌၊ ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် အတွေးအခေါ်များမြင့်မားလာစေရန် တင်္ခနုပ္ပတ္တိဥာဏ်များဖွံ့ဖြိုးရှင်သန်လာ‌စေရန်နှင့် နှုတ်မှုရေးရာစွမ်းရည်များတိုးတက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မား‌ရေးအသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ရွှေပြည်သာမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်အေးအေးမိုးက အဖွင့်အမှာစကားနှင့်ကျပန်းစကား‌ပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး ရွှေပြည်သာမြို့နယ်စာ‌ရေးဆရာအသင်းဥက္ကဋ္ဌမရည်မွန်၊ (ကျုံပျော်)စာရေးဆရာအသင်းအတွင်းရေးမှူးချိုပန်းချီ(ပညာရေး)၊ အမှတ်(၂၂)ရပ်ကွက်လမ်းပြကြယ်စာကြည့်တိုက်မှူးဦးမိုးလွင်တို့က စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဌေးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကို‌ ကျင်းပရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၉)ဦးမှ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ စာပေမြင့်မှလူမျိုးတင့်၊ မူးယစ်ရန်စွယ်တို့ကာကွယ်ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ယင်းနောက်ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသားကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး‌ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)