မြင်းခြံ စက်တင်ဘာ ၂၀
ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြင်းခြံမြို့ အ.ထ.က-ခွဲ(အလင်းရောင်)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင့်မာလာအောင်က ကလေးအလုပ်သမားနှင့် ပတ်သက်၍ ဖြစ်ပေါ်တတ်သည့် ဖြစ်စဉ်များကိုလည်းကောင်း၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ခင်စန္ဒာအောင်က ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများရှိခဲ့ပါက ကျခံရနိုင်သည့် ပြစ်ဒဏ်များနှင့် ကလေးအလုပ်သမားများ လိုက်နာရမည့် အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အ.ထ.က-ခွဲ(အလင်းရောင်)ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)