မူဆယ် စက်တင်ဘာ ၂၀
မိန်းကလေးငယ်များကို တစ်ကြိမ်ထိုးနှံထားခြင်းအားဖြင့် HPV ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၁)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် အသက်(၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူမိန်းကလေးငယ်များကို ယနေ့နံနက် (၉း၀၀)နာရီ အချိန်က စတင်ထိုးနှံပေးခဲ့ပါသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို (၁-၉-၂၀၁၁)ရက်မှ (၃၁.၈.၂၀၁၄)ရက်အတွင်း မွေးဖွားသူ အသက်(၉)နှစ်မှ (၁၂)နှစ်အထိ မိန်းကလေးငယ်များကို ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမှီ သက်ဆိုင်ရာတာဝန်ရှိ အတန်းပိုင် ဆရာ/ဆရာများက ကျောင်းသူ၏ ပြည့်ပြီး အသက်၊ နာမည်နှင့် အအမည်တို့ကို စာရင်းကောက်ယူကာ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမကြီး ဒေါ်နော်ဘလဲဇင်းက ဦးဆောင်၍ ကျောင်းသူတစ်ဦးချင်းဆီကို ထိုးနှံပေးလျက်ရှိကာ ကာကွယ်ဆေးထိုးနှံပြီးစီးသော ကျောင်းသူများကို နာရီဝက်ခန့် ဆေးထိုးရာနေရာစုရပ်တွင် ခတ္တ အနားယူစောင့်ဆိုင်းစေပြီး ကာကွယ်ဆေးနှင့်မတည့်၍ ဖြစ်တတ်သော ယားယံခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းမူးဝေခြင်းတို့ကို သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ဆရာမများကလည်း ဂရုတစိုက် ကြည့်ရှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်အရွယ်အလိုက် ကျောင်းတက်သူ မိန်းကလေးငယ်ကျောင်းသူများကို သက်ဆိုင်ရာ ကျောင်းများအလိုက် လိုက်လံထိုးနှံပေးမည်ဖြစ်ပြီး ကျောင်းပြင်ပ မိန်းကလေးငယ်များကို သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် သွားရောက်ထိုးနှံပေးမည်ဖြစ်သည်။ ယင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် နံနက်ပိုင်း၌ အ.ထ.က(၁)မှ ကျောင်းသူ(၆၆)ဦး၊ နေ့လယ်ပိုင်းတွင် အ.ထ.က(၃)မှ ကျောင်းသူ(၁၁၂)ဦး ထိုးနှံပြီးဖြစ်ကာ ဆက်လက်၍ နောက်ရက်များတွင် အ.ထ.က(၂)မှ ကျောင်းသူ (၁၈၁)ဦးနှင့် ပြင်ပဆေးထိုးစုရပ်များရှိ မိန်းကလေးငယ်များကို ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)