ပြင်ဦးလွင် စက်တင်ဘာ ၂၀
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁၃ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဇီးပင်ကြီး) ကျောင်းခန်းမ၌ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ အခြေခံပညာအထက်တန်းကျောင်း(ဇီးပင်ကြီး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်သည်။
ရှေးဦးစွာ အ.ထ.က (ဇီးပင်ကြီး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ခင်က အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး ဦးအောင်နိုင်ထူးက “ ဗလငါးတန်အကြောင်းသိကောင်းစရာ “ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက “အနာဂတ်ကိုပိုင်စိုးမည့်သူများ“ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ပြန်လည်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက အခြေခံပညာ အထက်တန်းကျောင်း (ဇီးပင်ကြီး) ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ် လက်ဆောင်များ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ခင်က လက်ခံရယူသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (ဇီးပင်ကြီး) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)