မိုးညှင်းမြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း စက်တင်ဘာ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက အရေး၊ အတီးပြိုင်ပွဲများနှင့် ဆုရရှိသူများ အား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီမှ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒိုင်ကြီးကြပ်ရေး‌ကော်မတီအဖွဲ့မှ နှလုံးသားကိုအလှဆင်မယ် တေးသီးချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျွန်‌တော်တို့ရဲ့ ဘိုးဘွားများ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာသည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ယင်းပြိုင်ပွဲတွင် စန္ဒယားအတီး၊ ဆိုင်းအတီး၊ စောင်းအတီး၊ အမျိုးသား အမျိုးသမီး အကနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး၊ မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲများတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဝါသနာရှင်များမှ ပြိုင်ပွဲဝင်စုစုပေါင်း (၃၅)ဦး အသီးသီး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ညနေပိုင်းတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အဆိုပါ ပြိုင်ပွဲများမှ ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း