သန်လျင် အောက်တိုဘာ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်ရှိ Lock Down ချထားသော နေအိမ်များနှင့် Stay Home သတ်မှတ်ထားသော နေအိမ်များရှိ ပြည်သူများအား စားသောက် စရာများ လှူဒါန်းပေးလျက်ရှိကြောင်း ယနေ့ နံနက် ၉ နာရီက မြို့မတောင်နာရေးကူညီမှု အဖွဲ့ထံမှ သိရသည်။
ထိုသို့လှူဒါန်းရာတွင် သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်၊ နာရေးကူညီမှုအဖွဲ့ ကိုလတ်ကြီး နှင့် သားများက ဦးဆောင်ကာ စေတနာရှင်အလှူရှင်များ စုပေါင်း၍ မြို့မတောင်ရပ်ကွက် အတွင်းရှိ Lock Down ချထားသော နေအိမ်များနှင့် Stay Home သတ်မှတ်ထားသည့် နေအိမ်များရှိ ပြည်သူများအား ဆန်၊ ဆီ၊ ဆားနှင့် စားသောက်စရာများအား လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
“အစပိုင်းတော့ ကျွန်တော်တို့အဖွဲ့နိုင်သလောက် စားစရာလေးတွေ လှူဒါန်းပေးနေပါတယ်။ သူတို့က အိမ်ပြင်မထွက်ရတော့ စားသောက်ရေးနဲ့ အခြားလိုအပ်ချက်တွေ ရှိနေမှာပါ။ ဒါကို ကူညီပေးရင်းနဲ့ စေတနာရှင်အလှူရှင်တွေက သူတို့သဒ္ဒါစိတ်ပေါက်ပြီး ဆန်၊ ဆီတွေနဲ့ စားစရာတွေကို လာရောက်လှူပေးနေကြတာပါ။ ကျွန်တော်တို့အဖွဲ့က လာရောက်လှူဒါန်း ပေးတဲ့ အလှူရှင်တွေ စိတ်ချမ်းသာစွာနဲ့ လှူဒါန်းနိုင်ဖို့ လိုအပ်တာတွေ ကူညီပံ့ပိုးပေးနေပါ တယ်။ အလှူရှင်မလာတဲ့နေ့တွေမှာလည်း ကျွန်တော်တို့ အဖွဲ့က စားစရာလေးတွေကို နိုင်သလောက် ဆက်လက်လှူဒါန်းပေးနေပါတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာရှိတဲ့ ပိုးတွေ့ အိမ်တွေ နဲ့ လမ်းတွေကိုလည်း ပိုးသတ်ဆေးဖျန်းပေးပါတယ်၊ တစ်ခြားရပ်ကွက်တွေနဲ့ ရုံးဌာန တွေက ပိုးသတ်ဆေးဖျန်းပေးရန် အကူအညီ တောင်းခံလာရင်လည်း ကူညီပေးနေပါတယ်” ဟု အဆိုပါရပ်ကွက် နာရေးကူညီမှုအဖွဲ့ ခေါင်းဆောင် ကိုလတ်ကြီးက ပြောသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်မှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းအထိ အတည်ပြုလူနာ ၇၆၀ ဦးရှိပြီး သေဆုံးသူပေါင်း ၂၁ ဦးရှိကာ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူပေါင်း ၁၂၄ ဦးရှိကြောင်းနှင့် ရောဂါပိုး တွေ့ရှိပြီး ဆေးဝါးကုသမှု ခံယူနေသူပေါင်း ၆၁၅ ဦးအထိ ရှိကြောင်း သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီမှ သိရသည်။
သက်ခိုင် (သန်လျင်)